ကျောက်ဆည် ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ယူနတီကိုယ်ပိုင်အထက်တန်းကျောင်း၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ လူကုန်ကူးမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာအုပ်၊ စာပေဖတ်ရှုခြင်းဖြင့် ကြေင်းကျိုးဝေဖန်ဆုံးဖြတ်နိုင်သည့်အတွက် လူကုန်ကူးမှုမခံရသည့်အပြင် ကျောင်းသားလူငယ်များအပေါ် ကျရောက်မည့် ဘေးအန္တရာယ်များမှလည်း ကြိုတင်ကာကွယ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ပြည့်ပြည့်က လူကုန်ကူးမှုများနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှု၊ ပစ်ဒဏ်များအကြောင်းနှင့် ကျောက်ဆည်မြို့မရဲစခန်းမှ ဒုရဲအုပ် ဝင်းဝင်းဌေးက လူကုန်ကူးမှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့် လူကုန်ကူးမှုမခံရစေရေး ရှောင်ရှားနိုင်သည့် နည်းလမ်းများအကြောင်း အသီးသီးရှင်းလင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)