ကျောက်ဆည် ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် ပျော်ရွှင်ခြင်းစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မိမိဝကိုတိုးတက်အောင် နေ့စဉ်အကောင်းဆုံးကြိုစားခြင်း၊ ကိုယ်ချင်းစာတရားလက် ကိုင်ထားခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်းတို့သည် ပျော်ရွှင်မှုအများဆုံးပေးနိုင်သောအရာများဖြစ်ကြောင်း၊ အောင်မြင်သူတိုင်းပျော်ရွှင်ချင်မှ ပျော်ရွှင်မည်ဖြစ်သော်လည်း၊ ပျော်ရွှင်စွာနေထိုင်သူတိုင်းသည် အောင်မြင်သူတိုင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း၊ မောင်ခိုင်ကျော် (ကျောက်ဆည်) က စာအုပ်တွင် ပါရှိသည့် ပျော်ရွှင်မှုနှင့် ယုံတမ်းစကား၊ စိတ်ပူပန်တတ်သည့်အကျင့်ကိုဖျောက်ပါ၊ ပျော်ရွှင်မှုနှင့်အခက်အခဲ၊ အလုပ်မှာပျော်အောင်နေပါ၊ ငါပျော်ချင်တယ် စသည့် အကြောင်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)