ချမ်းမြသာစည်တွင် မဲ‌ပေးစက်‌အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း ဒုတိယနေ့ ဆက်လက်ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၈

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်တွယ်သူများအား စက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း၏ ဒုတိယနေ့အခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ‌ ဒေါ်ဇင်မာအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ကိုင်တွယ်သူများက မြန်မာ့အီလက်ထရောနစ်မဲပေးစက် MEVM တပ်ဆင်ခြင်း၊ အသုံးပြုခြင်း စသည့်တို့ကို လက်တွေ့စမ်းသပ်အသုံးပြုပုံများကို သိပ္ပံနှင့် နည်းပညာကျောင်းမှ ဆရာ/ဆရာမများက လက်တွေ့ရှင်းလင်းပြသခဲ့သည်။

ထို့နောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ကိုင်တွယ်သူ ဆရာ/ ဆရာမများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ခင်းကျင်းပြသ ထားသည့် မဲရုံအခင်းအကျင်းပုံစံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရုံးစာရေးများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)