တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် GRF ဖြင့် ဆောင်ရွက်လျက်ရှိသော ကတိုင်စိန်ကျေးရွာ (တလိုင်းချောင်း) ကုန်ထုတ်လမ်းမြေသားလမ်းဖောက်လုပ်ခြင်း၊ အဆိုပါလမ်းပေါ်တွင် ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်တောင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရှောက်ပင်ကပ် (ဗမာစု) ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် Nine Nine One Co,Ltd မှ တာဝန်ယူဆောင်ရွက်နေသော ကျိုက်စကိုင်းကျေးရွာ ကုန်ထုတ်လမ်းအား ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဟန်သီရိကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အိုင်ကလောင်ကျေးရွာ ကုန်ထုတ်လမ်းအား မြေသားလမ်းနှင့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)