တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်ဥက္ကလာပ ဇန်နဝါရီ

ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) တွင် ပြည်သူများအားလုံးပါဝင်နိုင်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည်သူအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၄) ရပ်ကွက်နှင့် သုမင်္ဂလာလမ်းမ YPS ကားမှတ်တိုင်များ၌ ဖြန့်ဝေပေးနေ‌ကြကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကို‌ ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဝင်များက အမှတ် (၄) ရပ်ကွက်နှင့် သုမင်္ဂလာလမ်းမ YPS ကားမှတ်တိုင်များ၊ လူစည်ကားရာနေရာများ၊‌ ရပ်ကွက်များအရောက် လိုက်လံဖြန့်ဝေပေးနေကြကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)