လသာမြို့နယ်အတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းများနှင့် သူနာပြုသင်တန်းသား/သူများအား ဆန္ဒမဲပေးနိုင်ရေးတွေ့ဆုံဆွေးနွေး

လသာ ဇန်နဝါရီ ၈

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ဆေးရုံအုပ်ကြီး ဦးဆောင်၍ လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဆေးရုံကြီးရှိ ဌာနအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းများအားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး မည်သည့်အခက်အခဲမျိုးမှ မရှိဘဲ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အချိန်ဇယားများနှင့် လိုအပ်ချက်များကို အလေးထားဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ သူနာပြုသင်တန်းကျောင်း၌ ဆေးရုံအုပ်ကြီး၊ သင်တန်းကျောင်းကျောင်းအုပ်ကြီး၊ လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သူနာပြုသင်တန်းသား/သူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး ရွေးကောက်ပွဲနေ့တွင် တက်ကြွစွာ ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးကာ အသိပညာပေးမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နေလင်း (ပြန်/ဆက်)