ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ

အင်းစိန် ဇန်နဝါရီ ၈

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယမန်နေ့၊ နံနက် ၉ နာရီ ၃၀ အချိန်က အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော်မှ အင်းစိန်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ မဲပေးစက်များ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စများ အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်မှ စော်ဘွားကြီးကုန်းရပ်ကွက်၊ မဲရုံအမှတ် (၂)၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းသို့ မဲရုံများတွင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး စော်ဘွားကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကြိုတင်မဲပေးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)