ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၅၂၃၃၄ဧက စိုက်ပျိုးထားရှိပြီး ရာနှုန်းပြည့်ရိတ်သိမ်းခဲ့ရာ ၄၇၄၇၆၃၉ တင်းထွက်ရှိ

ကျောက်ဆည် ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါးများစိုက်ပျိုးရာတွင် နေရာဒေသအလိုက် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ချစိုက်ပျိုးခြင်းများဖြင့် (၅၂၃၃၄)ဧက စိုက်ပျိုးထားရှိပြီး ရာနှုန်းပြည့်ရိတ်သိမ်းခဲ့ရာ ၄၇၄၇၆၃၉ တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မိုးစပါးများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ပျိုးထောင်စိုက် ၁၃၅၆၃ ဧက၊ အစေ့တိုက်ရိုက်ချစိုက် ၂၂၄၇၅ ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် ပျိုးထောင်စိုက် ၄၉၁၁ ဧက၊ အစေ့တိုက်ရိုက်ချစိုက် ၁၀၅၉၂ ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် ပျိုးထောင်စိုက် ၁၀၀ ဧက၊ အစေ့တိုက်ရိုက် ချစိုက် ၃၃၆ ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် အစေ့တိုက်ရိုက်ချစိုက် ၂၄၇ ဧက၊ မြေအောက်ရေ (စက်ရေတွင်း)ဖြင့် ပျိုးထောင်စိုက် ၁၁၀ စုစုပေါင်း ၅၂၃၃၄ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့်ဒေသအတွင်း ဆန်၊ စပါး ဖူလုံပိုလျှံရေး တောင်သူများနှင့်ပူးပေါင်း၍ နှစ်စဉ်ရာသီအလိုက် စပါးသီးနှံများ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌ ဧရာမင်းစပါး ၅၀၂၃၉ ဧက၊ မနောသုခစပါး ၄၅၅ ဧက၊ ရွှေမနော်စပါး ၁၅၆၉ ဧက၊ အောင်နိုင်တိုးစပါး ၂၉ ဧက၊ GW-11စပါး ၄၂ ဧက စုစုပေါင်း ၅၂၃၃၄ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)