အင်တော ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီက မြို့မဈေး၊ ရပ်စောက်-အင်တော-နောင်ချိုကားလမ်းမရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် "ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့" စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးမင်းသူ၊ အင်တောနယ်မြေရဲစခန်းမှ ဒုရဲအုပ်သက်မျိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတစ်ကာများကပ်ခြင်းများ ဆောင်ရွက်ကြပြီး “နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)