မူဆယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မူဆယ် ဇန်နဝါရီ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(၁)မှ ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော်တူနွှဲပျော်” သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဦးအောင်ကိုက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်များက ကျောင်း၏လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြပြီး၊ အ.ထ.က(၁)မှ ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် ကျောင်း၏လိုအပ်သည့်နေရာများတွင် အဘက်ဘက်မှကူညီထောက်ပံ့လှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အထိမ်းအမှတ်နေ့များအဖြစ်ကျင်းပသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး အ.ထ.က(၁)မှ ကျောင်းသား/ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)