မိုင်းကိုင် ဇန်နဝါရီ ၉
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာမဲပေးစက်များ၊ မဲရုံသုံးဆက်စပ်ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူပြီး တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာသွားကြသည်။
ထိုသို့ မထွက်ခွါမီ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များ၊ ဆက်စပ်ပစ္စည်းများကို ကျေးရွာအုပ်စုမဲရုံများအတွက် စနစ်တကျထုတ်ပေးပြီးနောက် လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်တို့က လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပလကဖအဖွဲ့ဝင်များကို လုံခြုံရေးကိစ္စလျော့နည်းမှု မဖြစ်ပေါ်စေရေးအထူးဂရုပြုဆောင်ရွက်ကြရန်၊ အခက်အခဲတစ်စုံတရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်တို့ကို အချိန်နှင့်တစ်ပြေးညီတင်ပြကြရန်၊ မဲပေးမည့်မဲဆန္ဒရှင်များ၏ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြရန် လိုအပ်သည်များမှာကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မိုင်းကိုင်မြို့နယ်၌ မဲရုံပေါင်း(၃၅)ရုံရှိပြီး တတိယအကြိမ်မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ(၃၂၂၀၇) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ချော(မိုင်းကိုင်)