ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာမဲရုံများသို့ MEVM မဲပေးစက်များ စတင်ပို့ဆောင်

ဒေါပုံ ဇန်နဝါရီ ၉

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သက်ဆိုင်ရာမဲရုံများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM မဲပေးစက်များကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ အစီအမံများဖြင့် စနစ်တကျပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၏ ဦးဆောင်မှုဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄) ရပ်ကွက်မှ မဲရုံ (၃၈) ရုံသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို တစ်ရုံလျှင် (၅) လုံးနှုန်းဖြင့် သက်ဆိုင်ရာလွှတ်တော်အသီးသီး၏ စက်နံပါတ်များကို စစ်ဆေး၍ စနစ်တကျလုံခြုံရေးအစီအမံများဖြင့် တာ၀န်ရှိသူများ ပူးပေါင်းကာ ယာဉ်တန်းများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သူ မဲဆန္ဒရှင်ပြည်သူ (၄၄၄၀၃) ‌ဦးရှိရာ ပြည်သူအားလုံးပိုမိုပါ၀င်မဲပေးနိုင်ရေးအတွက် ရပ်ကွက်များအလိုက် မဲနံပါတ်များပါ၀င်သည့် မဲစလစ်များကိုလည်း ဖြန့်ဝေဆောင်ရွက်ထားပြီးဖြစ်ကြောင်း တာ၀န်ရှိသူများထံက သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)