တွံတေး ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ တွံတေးမြို့၊ ကျိုက်သလဲကျေးရွာရှိ အ.မ.က (ပေါက်တော) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါနံနက်ပိုင်းဟောပြောပွဲတွင် အ.မ.က (ပေါက်တော) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဋ္ဌေးက အဖွင့်အမှာစကားများ ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ယနေ့လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသောအထွေထွေဗဟုသုအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာပေကသာ ကျောင်းသား/ကျောင်းသူများ၏ ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူရေးရာအကြောင်းနှင့် ဆိုးဆေးအန္တရာယ်အကြောင်း ဟောပြေခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဝင်းထွဋ်ဦးက "ပြည်ထောင်စုနေ့" ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်