အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့် မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ

မောက်မယ် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် အပိုင်း(၂)ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်သည် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းမှူးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်တို့က မောက်မယ်မြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် စျေးတန်းရပ်ကွက်ရှိ မဲရုံအမှတ်(၁)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များမှာကြား၍ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။   

စိုင်းမျိုးသန့်(မောက်မယ်)