ရန်ကုန် ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ဝ က စတင်ကျင်းပလျက်ရှိသော Glan Master Futsal League I & II 2025-26 ဖွင့်ပွဲအခမ်းအနားနှင့် အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းအား ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းက MFF Futsal Stadium တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွါးရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးနိုင်သောင်းထိုက်နှင့် ဦးဖြိုးမောင်မောင်၊ ပြိုင်ပွဲ၏ စပွန်ဆာဖြစ်သော Glan Master (Century Beverage Co.Ltd) မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကစားသမားများနှင့် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Glan Master Futsal League I & II 2025- 26 ပြိုင်ပွဲဖွင့်ပွဲအား တက်ရောက်လာသော တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်ကစားသမားအား လိုက်လံနှုတ်ဆက်၍ ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင်ယူ-၁၆ အသင်းကို ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ကျပ်သိန်း (၁ဝဝ)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ်
အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျပ်သိန်း (၂၀၀)၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်မှ ကျပ်သိန်း (၁ဝဝ)၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း (၁၀၀)၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း (၁ဝဝ)၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်မှ ဆုကြေးငွေကျပ် သိန်း (၁ဝဝ)၊ မိသားစုပရိဘောဂလုပ်ငန်း ဦးကျော်မြင့်ဦး၊ ဒေါ်ဖြူဖြူဝင်းမိသားစုမှ ဆုကြေးငွေကျပ် (၁၀) သိန်း စုစုပေါင်းငွေကျပ် သိန်း (၇၁၀)ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)