ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှေ့မျက်နှာစာတွင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှေ့မျက်နှာစာတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့် အရှည် (၄၂၀၀) ပေ၊ အကျယ် (၁၆) ပေ ဇလားပုံရေမြောင်းဆောင်ရွက်လျက်ရှိရာတွင် ယနေ့ထိ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ၊ ပြည်သူများသွားလာရေးအဆင်ပြေစေရေးအတွက် အရှည် (၄၂၀၀) ပေ၊ အကျယ် (၁၆) ပေ ကွန်ကရိလမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိရာတွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ၊ မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် သစ်ပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်းပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်ပင်များ စိုက်ပျိုးရာတွင် လေပြင်းဒဏ်ခံနိုင်ရေးအတွက် စနစ်တကျစိုက်ပျိုးရန်၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးရန်၊ ရေမြောင်းများအတွင်း အနံ့ဆိုးများ ကင်းရှင်းအောင် ဆောင်ရွက်ရန်၊ မြေဖို့ခြင်းလုပ်ငန်းအား ခိုင်ခံမှုရှိစေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နတ်ရေကန်ပတ်ဝန်းကျင်တွင် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှု၊ ပြည်သူများ ကိုယ်လက်လေ့ကျင့်ခန်းဆောင်ရွက်နိုင်ရေး အားကစားပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)