မိုးနဲမြို့နယ် နားခံအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးနဲ ဇန်နဝါရီ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စုရှိ နားခံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းတေးသီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ မိုးနဲမြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး နားခံအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ် ဆရာကြီး ဦးနေဇာထွန်းက ကျောင်း၏အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအတန်းတက်သွားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား ၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)