ခရမ်း ဩဂုတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ဖွင့်လှစ်သော ကျွဲ၊ နွားမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့နယ် ခမက် ကျေးရွာ ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်က မြို့နယ် အတွင်း (CERP) အရ ပညာပေးသင်တန်းအမျိုးအစား (၆) မျိုးဖြစ်သည့် နွားမေထုံမဲ့ သားစပ် သင်တန်း၊ ကြက်မွေးမြူ ထုတ်လုပ်မှု သင်တန်း၊ သိုး၊ ဆိတ် မွေးမြူထုတ်လုပ်မှု သင်တန်း၊ ကျွဲ၊ နွား မွေးမြူ ထုတ်လုပ်မှုသင်တန်း၊ တိရစ္ဆာန် ကျန်းမာ ရေး စောင့်ရှောက်မှု သင်တန်း၊ ဝက်မွေးမြူ ထုတ်လုပ်သင်တန်းတို့ကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု များတွင် အကြိမ် (၃၀) ဖွင့်လှစ် ပို့ချပေးမည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ စနစ်တကျ မွေးမြူ တတ် စေရန် နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များကိုသိရှိပြီး စနစ်တကျ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်၍ မိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုး၍ လူနေမှုဘဝ မြင့်မားစေရန်နှင့် တိရိစ္ဆာန်များတွင် ဖြစ်ပွားနိုင်သည့် ကူးစက် ရောဂါများကို ကြိုတင်ကာကွယ် စေရန် နည်းလမ်းများနှင့် ဇိဝလုံခြုံမှုကို ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ခမက် ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ (၅၀) ဦး တက်ရောက်သင်ကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော် နှင့် ဒုဦးစီးမှူး ဒေါက်တာအေးမင်းတို့က စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့် မည် ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)