ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနား” ကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အမှတ် (၆၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနား” ကို ဇန်နဝါရီ ၇ ရက်နေ့ နံနက် (၉) နာရီက အမှတ် (၃) ‌အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုးက အဖွင့်အမှာစကားပြောကြား၍ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ (၁၀) သိန်းကျပ် လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က မုဒိတာစကားပြောကြားခဲ့ပြီး စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သည့် အမှတ် (၆၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများ အသီးသီး‌ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများက တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)