နမ့်စန်မြို့နယ် တွံတီးကျေးရွာတွင် ယင်းကြားတိုင်းရင်းသားရိုးရာ အထည်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယင်းကြားတိုင်းရင်းသားရိုးရာအထည်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြား၍ သင်တန်းအတွက် ထောက်ပံ့ငွေ ၁၅၃၄၀၀၀၀ ကျပ်ကို ပေးအပ်ခဲ့ရာ ယင်းကြားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က ဌာန၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ သင်တန်းသုံးပိတ်စများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းတာဝန်ခံများက လက်ခံရယူခဲ့သည်။

ထို့နောက် ယင်းကြားတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းကြားတိုင်းရင်းသားများအနေဖြင့် မိမိတို့ယင်းကြားရိုးရာဝတ်စုံအား မပျောက်မပျက်အောင် ရေရှည်ထိန်းသိမ်းနိုင်မည့်အပြင် ယင်းကြားတိုင်းရင်းသားများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းသို့ နမ့်စန်မြို့နယ်အတွင်းရှိ ယင်းကြားတိုင်းရင်းသားကျေးရွာ (၁၀)ရွာမှ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)