ညောင်ရွှေမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ညောင်ရွှေ ဇန်နဝါရီ ၉

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံအသီးသီး၌ တာဝန်ချထားသည့် ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားရာတွင် ညောင်ရွှေမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်ပြီး အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် မိမိတို့၏ဆန္ဒမဲပေးနိုင်ရေးအတွက် တာဝန်ကျဌာနဆိုင်ရာများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားကြရန်ဖြစ်ကြောင်း၊ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်မှုကို စနစ်တကျအချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းက တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများ ဆောင်ရွက်ရမည့် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆန္ဒမဲပေးမည့်နေ့တွင် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မြသန္တာဌေးက မဲရုံများပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ကြိုတင်ဆန္ဒမဲပေးမည့် လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သတင်းမှတ်တမ်းရိုက်ကူးရယူရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြ သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းပြောကြားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ