ထန်းတပင် ဇန်နဝါရီ ၉
၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လူအသွားအလာများပြားသည့် ကျူတောလမ်းဆုံ၊ ထန်းတပင်မြို့မစျေး၊ YBS 52 ကားဂိတ်၊ အေးရွာလေးလမ်းဆုံနှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင်လည်း မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်