မိုင်းကိုင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်နှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိုင်းကိုင်မြို့နယ်အတွင်း မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိုင်းကိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ မဲရုံ၊ အမှတ်(၄)ရပ်ကွက် အ.ထ.က(မိုင်းကိုင်)ရှိ မဲရုံ၊ အမှတ်(၅)ရပ်ကွက် အ.လ.က(ပန်ကတ်)ရှိ မဲရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲမဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှု၊ မဲရုံခင်းကျင်းပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာကြီးကြပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများကြည့်ရှုစေရေး၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် မဲဆန္ဒရှင်အမည်နှင့် မှတ်ပုံတင်အမှတ်၊ မဲစာရင်းအမှတ်များပါရှိသည့် တိုကင်များ ကြိုတင်ဖြန့်ဝေထားခြင်းဖြင့် မဲပေးမှုလုပ်ငန်းပိုမိုမြန်ဆန်အောင်မြင်နိုင်ရေး တာဝန်ရှိသူများ အားမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)