ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ဒေးဒရဲ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်နိုင်စေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါး စတင်ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဥ်နိုင်ဖွယ် အချက်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် ကဗျာရွှတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံ​​​ပြင်​ပြောပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ် စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာခဲ့ကြကြောင်း သိရသည်။

အေဇာလင်း