ကျောင်းကုန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျ ဌာနဆိုင်ရာများအား မဲရုံများ စနစ်တကျ ခင်းကျင်းထားရှိရေး၊ မဲရုံအတွင်း/အပြင် သန့်ရှင်းရေးနှင့်လုံခြုံရေးကိစ္စတို့ အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၀)အုပ်စု၌ မဲရုံပေါင်း(၁၁၉) ရုံတို့ဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)