မိုးနဲမြို့နယ် ခရီးသွားဧည့်သည်များ စွဲဆောင်နိုင်ရေးနှင့် မြို့သာယာလှပရေး ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

မိုးနဲ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေဘုရား၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လာရောက်ကြီးကြပ်ပေးလျက်ရှိပြီး ဘုရားဝန်းအတွင်းရှိ ပေါင်းမြတ်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနရှိ အမှိုက်သယ်ယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခြင်းကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လွိုင်မြေဘုရားသည် မိုးနဲ-မောက်မယ် သွားလမ်းတွင် တည်ရှိပြီး ယခုလို သန့်ရှင်းသာယာရေး ဆောင်ရွက်လိုက်ခြင်းကြောင့် လမ်းသွားလမ်းလာပြည်သူများအနေဖြင့် သာယာလှပစွာ ဖူးမျှော်နိုင်ပြီး ခရီးသွားဧည့်သည်များကို ပိုမိုစွဲဆောင်နိုင်လာမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဇင်ကိုကို