ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ်၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်) ပြုပြင်ထိန်းသိမ်း

 ပုဂံ ဇန်နဝါရီ   ၁၀

ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံအမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်)အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းအဆောက်အအုံအမှတ်-၁၀၄၂(ဆင်ကအုတ်တိုက်ရှည်)သည် ရာဂီမုန်တိုင်း ဒဏ်ကြောင့် တောင်ဘက်ခြမ်းနံရံနှင့်အမိုးပေါင်းကူးထိခိုက်ပျက်စီးခဲ့ပြီး ကနဦးအနေဖြင့် အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ထိခိုက်ပျက်စီးမှုများကို စနစ်တကျ ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး တောင်ဘက်ခြမ်း၊ မြောက် ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့တွင် ငြမ်းဆင်၍ ဆွေးမြေ့အုတ်များဖယ်ထုတ်ခြင်း၊ ထိန်းသိမ်းရေးမူဝါဒနှင့်အညီ အုတ်စီခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း/အမှုထမ်းများအဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်)သို့ သွားရောက်ခဲ့ပြီး ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသည် သဘာဝဘေးဒဏ်များကြောင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်ပုဂံဌာနခွဲက ရှေးမူလက်ရာမပျက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို  အများပြည်သူလှူဒါန်းမှု၊ တစ်ဦးချင်းလှူဒါန်းမှုနှင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေတို့ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း