တာချီလိတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် သစ်တောဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ထွန်း-၃၊ မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးကြည်ရွှေ၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းထက်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြဥမ္မာတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးဟောပြောပြီး “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဗီဒီယိုကလစ်အား ပြသခဲ့သည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်မှုများ(ပုံစံ-၁)နှင့် တောမီးလောင်ကျွမ်းမှုမရှိစေရေး သတိပြုရန် (ပုံစံ-၂)တို့ကို လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လွယ်တော်ခမ်းကျေးရွာအုပ်စုမှ ဒေသခံ ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)