ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော ခေါင်းဆောင်ကောင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇန်နဝါရီ ၈ ရက်နေ့ ညနေပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် မိမိဘဝတွင်‌ကြုံ‌တွေ့ရသော ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည် ပိုကောင်းလာခြင်း၊ စာဖတ်ခြင်းသည် အသိပညာဗဟုသုတနှင့် ဆင်ခြင်တုံတရားများကို ရရှိစေပြီး မိမိဘဝကို မြှင့်တင်ပေးနိုင်သောကြောင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသား မောင်လင်းလင်းထက်က စာရေးဆရာချစ်နိုင်စိတ်ပညာရေးသားသည့် ခေါင်းဆောင်ကောင်းစာအုပ်ထဲမှ ခေါင်းဆောင်ကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချိုမီမီအေးက မြင်သူနဲ့မမြင်သူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းယွန်းက ကိုယ်ရည်ကိုယ်သွေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်စာပေဝါသနာရှင် မောင်လင်းလင်းထက်က ဆွေးနွေးရာတွင် လူငယ်ဘဝမှစ၍ အကောင်းဘက်သို့ ဉီးတည်မှုများရှိပါက ထိုသူ၏ဘဝသည် အကောင်းချည်းဖြစ်ဖို့ ရာခိုင်နှုန်းအလွန်များကြောင်း၊ လူငယ်တို့တွင် ခွန်အားသစ်များ၊ တက်ကြွမှုများ၊ စွန့်စားဝံ့မှုများရှိရာ ထိုအရည်အချင်းများကို အပြုသဘောဆောင်သည့် လုပ်ငန်းများတွင်အသုံးပြုပါက များစွာထိရောက်မှုရှိမှာဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ