ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသောစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့ Youth Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသော “ကလေး၊ လူငယ်၊ လူကြီးနှင့်စာပေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကား၊ စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက စာရေးဆရာ အောင်သင်း ရေးသားသော “ကလေး၊ လူငယ်၊ လူကြီးနှင့်စာပေ” စာအုပ်ကို ဉီးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင် များဖြစ်ကြသော မသွန်းနဒီ၊ မသူသူဟန်၊ မောင်လင်းဘုန်းထက်၊ မောင်ပြည့်စုံဖြိုး၊ မောင်ဇွဲထက်ကို တို့က စာအုပ်ပါအကြောင်းအရာများအား အသီးသီးဖတ်ကြားကြသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာအုပ်ပါအကြောင်းအရာများအား ခြုံငုံဆွေးနွေးပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝ အမှိုက်အကြောင်း သိကောင်းစရာနံရံကပ်စာစောင်တို့အား Youth Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)