မိုင်းရှူး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (တတိယပိုင်း)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းအော့ကျေးရွာရှိ ဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်သူများအားလုံးဆန္ဒမဲပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ရာနှုန်းပြည့်မဲပေးနိုင်ရေး အသိပညာပေးဟောပြောခြင်း၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေပြေမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြ Video Clip ပြသခြင်းများ ဆောင်ရွက်ကာ (မြန်မာ၊ရှမ်း) ဘာသာများဖြင့် ဖော်ပြထားသော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်(၅၀၀)စောင် ဖြန့်ဝေခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုများကို မိုင်းအော့၊ ကွန်ကျောင်း၊ နားဝိုင်၊ ဝမ်လွိုင်၊ နောင်အက် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)