ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥဋက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စောရီမှ စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြလေးမှ ကျးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ အခမ်းအနားကို ဆက်လက်ကျင်းပရာ လေ့ကျင့်ရေးအထက်တန်းကျောင်း (တီတီစီ) မှ ကျောင်းသား၊ ကျောင်းသူများက “တယော” ဖြင့် မြန်မာ့ကျောင်းသီချင်းဧည့်ခံဖျော်ဖြေပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်ဒို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
၎င်းနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ဆုများ ရရှိခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးက မာရွတ်မြို့နယ်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကလက်စုံညီကန်တော့ပန်းဆင်မည်” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
စိမ်းလဲ့ (ပြန်/ဆက်)