ကြံခင်းမြို့နယ် အ.လ.က(ခွဲ) ကျွန်းပုလုကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အ.လ.က(ခွဲ) ကျွန်းပုလုကျောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်း စုဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အ.လ.က(ခွဲ) ကျွန်းပုလုကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက အားကစားဆိုင်ရာ သိကောင်းစရာကောင်းစဉ်ဖြင့် ဆွေးနွေးရာ မျိုးဆက်သစ်ရွက်ပုန်းသီးလူငယ်များပေါ် ထွန်းလာစေ‌ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ကိုယ်ကာယကျန်းမာသန်စွမ်းရန် အားကစားလေ့ကျင်းခန်းများကိုလည်း ပုံမုန်လေ့ကျင့်ကြရန်နှင့် မိမိတို့ဌာနမှ ဖွင့်လှစ်ထားရှိသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို ဖွင့်လှစ်သင်ကြားပေးထားသည့်အတွက် စိတ်ပါဝင်စားသူတိုင်း တက်ရောက်သင်ယူနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ Fitness Dance အကများဖြင့် ကပြဖျော်ဖြေဧည့်ခံရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူက ကြည့်ရှုအားပေးကြပြီး ပျော်ရွှင်စွာဖြင့် သွေးပူလေ့ကျင့်ခန်းသင်ခန်းစာ အတွဲ(၁) (၂)ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)