တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ မဲရုံသုံးပစ္စည်းများ ပေးအပ်

တာမွေ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံ မဲရုံသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဲရုံသုံးပစ္စည်းများ ပေးအပ်ရာတွင် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက မဲရုံသုံးပစ္စည်းများဖြစ်သည့် ကြိုတင်ဆန္ဒမဲပုံး၊ ကြိုတင်ဆန္ဒမဲလက်မှတ်၊ လုံခြုံရေးကြိုး၊ ဆန္ဒပြုခန်း၊ ရင်ထိုးတံဆိပ်၊ မဲရုံအမှတ် ပိုစတာစသည့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက် (၂၀) တွင် မဲရုံပေါင်း (၅၄) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦး‌ရေ (၈၉၄၈၄ )ဦးထိရှိကြောင်း၊ တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆-ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အပိုင်း (၃) အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ နာမကျန်းဖြစ်နေသူများ၊ ခြေလက်မသန်စွမ်းသူများ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ခရီးသွားလာမည့်သူများ၊ သက်ဆိုင်ရာမဲရုံအသီးသီး၌ တာဝန်ကျသူများအနေဖြင့် ၂၀၂၆-ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ သက်မှတ်မဲရုံနေရာအသီးသီးတွင် ကြိုတင်ဆန္ဒမဲလာရောက်ပေးနိုင်ကြောင်းနှင့် ခရီးသွားလာမည့်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလာရောက်ပေးရာတွင် ခရီးသွားလက်မှတ်ပြသနိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)