ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းသီဆိုကာ အခမ်းအနားဖွင့်လှစ်ပေးကြသည်။ ထို့နောက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင်” ယခုလို ပညာရေးစုံညီပွဲတော်နဲ့ ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲတွေဟာဆိုရင် ကျောင်းသား မိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး စုံစုံညီညီ ပျော်ပျော်ပါးပါးနဲ့ ဆင်နွှဲရမည့်ပွဲတော် ဖြစ်ကြောင်း၊ နောင်လာမည့်ပညာသင်နှစ်များတွင်လည်း ယခုကဲ့သို့မြို့နယ်အဆင့်တွင်သာမက ခရိုင်/တိုင်း၊ ဗဟိုအဆင့်မှာပါ ဆုများဆွတ်ခူးရရှိ နိုင်အောင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများက ကြိုးစားပေးကြစေလိုကြောင်း” စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် သက်ဆိုင်ရာအတန်းအလိုက် မြို့နယ်အဆင့် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထိုကဲ့သို့ထူးချွန်အောင် သင်ကြားပြသပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ပျော်ရွှင်စွာ ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ဝေယံ (ပြန်/ဆက်)