ဖျာပုံ သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ လူနေအိမ် (၁၀)လုံးခန့်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဂေါ်ဒူကျေးရွာတွင် လူ၊ တိရစ္ဆာန် ထိခိုက်သေကြေပျက်စီးမှုမရှိကြောင်းနှင့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း၊ လူနေအိမ်(၅)လုံးနှင့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း၊ လူနေအိမ်(၅)လုံး၊ စုစုပေါင်း လူနေအိမ်(၁၀) လုံး ပြိုကျပျက်စီးခဲ့ပြီး သဘာဝဘေးကြောင့် ပျက်စီးသွားသောအိမ်ထောင်စု (၁၀)စု၊ လူဦးရေကျား(၁၃)ဦး၊ မ(၂၁)ဦး၊ ပေါင်း(၃၄)ဦးမှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်( ခရိုင်ပြန်/ဆက်)