မကွေး ဇန်နဝါရီ ၁၂
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်ကာ၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၁)မြို့နယ်ရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ယမန်နေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ တစ်ခဲနက်ဆန္ဒမဲများပေးကြသည်။
ထိုကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများပေးနေမှုများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းလှမြို့နယ်ရှိ သက်ဆိုင်ရာမဲရုံများအလိုက်တွင် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာ ပါဝင်ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုပြီး၊ မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား နှုတ်ဆက်အားပေးသည်။
မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၅၃၂၆၁)ဦးရှိပြီး၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၂)အုပ်စုတွင် မဲရုံပေါင်း(၄၈)ရုံ ဖွင့်လှစ်ကာ ပြည်သူများဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မင်းလှမြို့နယ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၄)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)