ကြံခင်း ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ စာချကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော မြရတနာဓမ္မစကူးလ်၌ ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ စံရာတိုက်စာချကျောင်းတိုက် ဦးစီးပဓနဆရာတော် ဦးဝိစိတ္တသာရက ဩဝါဒစကားမိန့်ကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ သားငယ်သမီးငယ်များအား ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ရည်ရွယ်ချက်များစွာဖြင့် ပြုလုပ်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကလေးကဗျာ၊ ပုံပြင်စာအုပ်တို့ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဓမ္မစကူးလ်သင်တန်းဆရာမ ဒေါ်အိအိမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်၊ စွန့်ပစ်အမှိုက်များအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများ က စိတ်ဝင်စားစွာဖြင့် လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)