ကြံခင်း ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို အဆိုပါကျောင်းရှေ့ကွင်းပြင်တွင် ကျင်းပခဲ့ရာ (၅၂၈) လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်ကျောင်းတိုက်ဆရာတော်၊ လဲဝါကျောင်းတိုက်ဆရာတော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အထက်တန်း ကျောင်းသား၊ ကျောင်းသူလေးများက “လူငယ်စွမ်းရည်” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားဖွင့်လှစ်၍ (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်ကျောင်းတိုက် ဦးစီးပဓနဆရာတော် ဒေါက်တာဘဒ္ဒန္တပညာနန္ဒက ဩဝါဒစကားမိန့်ကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က(၂) တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်မျိုးအောင်က စုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းမှ အထက်တန်းအထိ ဘာသာရပ်ထူးချွန်ဆုရရှိသူများ၊ ကာယ၊ ဉာဏ ဆုရရှိသူများအား (၅၂၈) လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်ကျောင်းတိုက် ဆရာတော်၊ လဲဝါကျောင်းတိုက်ဆရာတော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတောင်ဆောင် များ၊ မိဘများက လည်းကောင်း၊ ဘာသာရပ်အလိုက် ထူးချွန်အောင်သင်ကြားပြသပေးပါသော ဆရာ၊ ဆရာများနှင့် ကျောင်းတက်မှန်သော ဆရာ၊ ဆရာများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အဟာရဒါန လှူဒါန်းခဲ့ကြသော အလှူရှင်များအား တာဝန်ခံဆရာမကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အလယ်တန်းကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် ဒို့နွဲပျော်” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)