ညောင်ဦးမြို့နယ်၌ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အမြဲမပြတ်ကွင်းဆင်းဆောင်ရွက်

ညောင်ဦး ဇန်နဝါရီ ၁၂

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် ရာသီဥတုဒဏ်၊ သဘာဝဘေးအန္တရာယ်များကို နှစ်ပေါင်းကာလကြာမြင့်စွာဖြတ်သန်းခဲ့ရသဖြင့် ရှေးဟောင်းအမွေအနှစ်များ အဓွန့်ရှည်တည်တံ့စေရေး ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၊ပုဂံဌာနခွဲက  ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ Conservation Guideline များ၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် တူးဖော်မှုလုပ်ငန်း အခြေခံစံနှုန်းများနှင့်အညီ စနစ်တကျစီမံခန့်ခွဲကြီး ကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂံကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအား နယ်မြေ (၁၁) ခုပိုင်းခြား၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲယဉ်ကျေးမှုနယ်မြေလုံခြုံရေးဌာနစိတ်မှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့ (၄) ဖွဲ့ဖြင့် ရှေးဟောင်း အဆောက်အအုံနှင့် အမွေအနှစ်များ ထိခိုက်ပျက်စီးမှုများမဖြစ်ပေါ်စေရေးနှင့်အချိန်မီ ကြိုတင်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းအဆောက်အအုံများပေါ်သို့  တက်ရောက်ခြင်း၊  တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် ထုတ်ပြန်သောအမိန့်ကြော်ငြာစာများ၊ စည်းမျဥ်းစည်းကမ်းတို့ကို လိုက်နာခြင်းမရှိဘဲ ခွင့်ပြုချက်မဲ့ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ခြင်း၊ လယ်ယာမြေပေါ်အခြားနည်း အသုံးပြုခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သောလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ မရှိစေရေးအတွက် နေ့စဉ်ကွင်းဆင်း စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း