ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးထားရှိရာဘုံကွင်းကျေးရွာ တောင်သူဦးမြင့်ကျော် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဘုံကွင်းကျေးရွာသည် တိုက်နယ်(၂)အတွင်းရှိ ကျေးရွာအုပ်စု(၅) အုပ်စုတွင်ပါရှိပြီး ပဲတီစိမ်းသီးနှံ ၈၀ ဧက စိုက်ပျိုးထားရှိကြောင်းနှင့် အခြားကျေးရွာအုပ်စုများဖြစ်သည့် ဒါန်းတိုင်ကျေးရွာအုပ်စုတွင် ၁၅၀ ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စုတွင် ၈၀ ဧက၊ ပေတောကြီးကျေးရွာ အုပ်စုတွင် ၁၀၀ ဧက၊ စင်းကွန်း ကျေးရွာအုပ်စုတွင် ၂၀၀ ဧက စုစုပေါင်း ၆၁၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁) ပဲတီစိမ်းမျိုးနှင့် ရေဆင်း(၁၄)ပဲတီစိမ်းမျိုးများ အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် နေရာဒေသအလိုက် ပက်ကျဲစနစ်၊ ဘောင်ကြီးတင်စနစ်များဖြင့် စိုက်ပျိုးကြပြီး ရာသီဥတုနှင့် အပင်အပြုအစုအပေါ် မူတည်၍ တစ်ဧက (၂၅)တင်းမှ(၃၅)တင်းအထိ ထွက်ရှိကြောင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ ထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)