ပုသိမ်ကြီး ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးအဆောက်အဦအား (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ပြင်ဆင်ပြီး၍ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာရီရီတင်က အဖွင့်အမှာစကားပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ မန္တလေးရုံးခွဲ ဌာနေကိုယ်စားလှယ် Mr.Ross Farmeryက ရုံးအဆောက်အဦ တည်ဆောက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်သက်မာဝင်းက လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်သိန်းထွန်းဆောင်က မြို့နယ်ရုံးခွဲသို့ ရှေးဦးပြုစုခြင်း ဆေးအိတ်များအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသူများဖြင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)