သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သရက်ချောင်း ဇန်နဝါရီ ၁၂

တတိယပိုင်းတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့‌ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ အစည်းအဝေးတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်မြင့်သိန်းက မြို့နယ်အတွင်း‌ ရွေးကောက်ပွဲအေးချမ်း‌အောင်မြင်စွာ ကျင်းပပြီးစီး ရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး၊ သွားလာရခက်ခဲသည့် ပြည်သူများ ဆန္ဒမဲပေးရာတွင် သွားလာမှုအဆင်ပြေစေရေး ဆောင်ရွက်ပေးကြရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးဆိုင်ရာများကိုလည်း စနစ်တကျဆောင်ရွက်ထားရန်လိုအပ်‌ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်က ရွေးကောက်ပွဲကျင်းပရာတွင် မဲပေးစက်များ သက်ဆိုင်ရာမဲရုံအလိုက် စနစ်တကျ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကိုကဏ္ဍအလိုက် စနစ်တကျအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေး ပြောကြားပြီးနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်( ပြန်/ဆက် )