ကျောက်တလုံးကြီး ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာမူလတန်းကျောင်း ထီပုန်းတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည်တို့ကို ဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။
အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပုန်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာ