ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား)ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။

ပထမဦးစွာ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲ တတိယဗိုလ်လုပွဲစဉ်အဖြစ် ဘူမိဗေဒဌာနအသင်းနှင့် ဝိဇ္ဇာညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒဌာနအသင်းက(၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဌာနအသင်းနှင့် သိပ္ပံညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက(၈)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့် တာဝန်ရှိသူများက တံခွန်ဒိုင်ဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုလည်ဆွဲများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)