တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇန်နဝါရီ ၁၂

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာပေလေ့လာဖတ်ရှုမှတ်သားသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဗလငါးတန်နှင့် ပြည်စုံသည့်လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၉ ရက်နေ့က အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်း(ဇီးတန်)သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသားလူငယ်များ ရည်မှန်းချက်ထားကြိုးစားရန်၊ ကျောင်းသင်ခန်းစာများကို အထောက်အကူဖြစ်စေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများ၊ စာရေးဆရာကြီးများ၏ စာပေအဆိုအမိန့်များစသည့် နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)