စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အေးချမ်းပျော်ရွှင်စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်

စလင်း ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) ကို ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်သူများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM စက်မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုး တပ်ဆင်ခြင်းနှင့် ကုတ်နံပါတ်များ စစ်ဆေးဆောင်ရွက်ပြီး  နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်စာရင်းပါ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းလွတ်လပ်စွာ လာရောက်ဆန္ဒမဲပေးကြသည်။ စလင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် မဲရုံ(၄၅)ရုံ ဖွင့်လှစ်ထားရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၄၄၁၄၇) ဦးရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဖြင့် လျင်မြန်စွာ မဲပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က ဆန္ဒမဲပေးလာကြသည့် ပြည်သူများအား မုန့်နှင့် ရေသန့်ဘူးများ ဝေငှခဲ့ကာ လုံခြုံရေးနှင့် လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ပြီး ညနေ ၄ နာရီတွင် မဲရုံပိတ်သိမ်းကြောင်းကို သက်ဆိုင်ရာ မဲရုံမှူးများက ကြေညာပိတ်သိမ်းခဲ့ပြီး အောင်မြင်စွာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား၊ အေးချမ်းပျော်ရွှင်စွာဖြင့်​၊ ပြီးစီးခဲ့ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရသည်။

မောင်လွင်(စလင်း)