တောင်တွင်းကြီး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သိကောင်းစရာအကြောင်းနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ထားရှိမှု မှတ်တမ်းများပါဝင်သည့် အသိပညာပေးမြေစိုက်နံရံကပ်စာစောင်အား ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်တွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ (မီးသတ်ဦးစီးဌာန၏ စံနှုန်းနှင့်ကိုက်ညီသော မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်) ၊ ရှောင်ရှားသင်သည့်အချက်များ (မီးလောင်လွယ်သည့် ပစ္စည်းများအိမ်တွင်းနှင့် အနီးတစ်ဝိုက်တွင်သိုလောင်ခြင်း၊ ကလေးငယ်များ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများ၊ အိုမင်းမစွမ်းသူများကို မီးခြစ်၊ ဖယောင်းတိုင်ကဲ့သို့ မီးလောင်မှုဖြစ်ပေါ်စေသည့် ပစ္စည်းများအသုံးမပြုစေရေး၊ မီးလောင်နေစဥ်တွင် ဝင်လမ်းထွက်လမ်းပိတ်ဆို့ခြင်း၊ လူစုခြင်း၊ အထပ်မြင့်တိုက်များပေါ်မှ ခုန်ချခြင်းမပြုလုပ်စေရေး) ၊ မီးလောင်နေစဥ်တွင် လိုက်နာရန် အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ စသည့်တို့ပါဝင်ပြီး (၁၂/၂၀၂၅)လအတွင်း ရုံးတွင်း၊ ကွင်းဆင်းအသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းများ စသည့် အသိပညာပေးအကြောင်းအရာများပါရှိသည့် မြေစိုက်နံရံကပ်စာစောင်အား ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုလေ့လာမှတ်သားနိုင်စေရန် ပြသထားကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)