(၁၀၇) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော်စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၇) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်သံဃာတော် (၂၃) ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ စာအောင်သံဃာတော်အရှင်သူမြတ် (၂၃) ပါးတို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦး၊ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဆွေတော်မျိုးတော်များက စေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ်လှည့်လည်ပူဇော်ကြသည်။

ထို့နောက် (၁၀၇) ကြိမ်မြောက် စေတိယင်္ဂဏစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ရင်ပြင်တော်ရာဟု‌‌ထောင့်အနီးရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် စာအောင်သံဃာတော်များ၏ ဆွေတော်မျိုးတော်များ တက်ရောက်ကြည်ညိုပူဇော်ကြသည်။

ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ သ.စ.အ ဓမ္မာစရိယပါဠိပါရဂူဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက သာသနာရေးဆိုင်ရာဆောင်ရွက်မှုများ လျှောက်ထားတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နဝကမ္မနှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက (၁၀၇) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်အရှင်သူမြတ် (၈) ပါးနှင့် သီးခြားစာသင်တန်းအောင်သံဃာတော်အရှင်သူမြတ် (၁၅) ပါးတို့အား အောင်စဉ်အလိုက် ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းရာတွင် ဘွဲ့တံဆိပ်တော်များအား နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံသို့ ဦးစွာဆက်ကပ်၍ အသိအမှတ်ပြုမှုကို ခံယူတော်မူပြီးသီးခြားစာချတန်းအောင် အောင်စဉ် (၁) သံဃာတော်အား အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက စာအောင်သံဃာတော်များအား အောင်စဉ်အလိုက်ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှ ပေးဝေခဲ့ပြီး အခမ်းအနားကို ''ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား အမြဲတမ်းအတွင်းဝန်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မြောက်ဘက်ရှိ ထီးတော်ရုံတန်ဆောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းကြီးသည် ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်၍ သီးခြားစာသင်တန်း၊ သီးခြားစာချတန်းစာမေးပွဲများကို ၁၉၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ချိန်မှ ယခု (၁၀၇) ကြိမ်မြောက်အထိ သီးခြားစာချတန်းအောင် (၃၉၀) ပါး၊ သီးခြားစာသင်တန်းအောင် (၉၅၄) ပါး စုစုပေါင်းသာသနာ့အာဇာနည် အရှင်သူမြတ် (၁၃၄၄) ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)