မကွေး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်ရေးရာအသိပညာပေးဟောပြောရာတွင် "ပညာတတ်ဖို့ စာဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် လူငယ်များ စာအုပ်စာပေဖတ်ရူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းဟောပြော၍ မြို့နယ်အားကစားနှင့်ကာကပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းအောင်က အားကစားဆိုင်ရာအကြောင်းအရာများကို ဟောပြောကြောင်း သိရသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးမူးယစ်ဆေးဝါးအန္တရာယ်၊လူကုန်ကူး၊ ကလေးအလုပ်သမားပပျောက်ရေး အစရှိသည့် နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရူလေ့လာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက Fitness Dance သရုပ်ပြသမှုနှင့်အတူ အားကစားဆိုင်ရာ ကာယလေ့ကျင့်ခန်းများကို ကျောင်းသား/ကျောင်းသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)